ကလောမြို့၌ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲ ကျင်းပ

ကလော နိုဝင်ဘာ ၆

သာမညဖလအခါတော်နေ့အထိမ်းအမှတ်အဖြစ် မြတ်ဗုဒ္ဓဘုရားရှင်အား တန်ဆောင်တိုင်မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာများဖြင့် နှစ်စဥ်ပူဇော်နိုင်ရန် ကလောမြို့နယ်၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ပြီး ရေရှည်တည်တံ့စေရေး စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန် ကလောမြို့၏ သဘာရာသီဥတုနှင့် တိုင်းရင်းသားတို့၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာသာမကကမ္ဘာကပါ သိရှိပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ်၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာရန်၊ ကလောမြို့နယ်၊ မြို့နယ်သားများ၊ လူငယ်ထုတစ်ရပ်လုံးက တိုင်းရင်းသားရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ရာတွင် စုပေါင်းညီညာစွာဆောင်ရွက်နိုင်မှု၊ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းစနစ်ကျနစွာ ဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ ရက်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီက မောမြေဦးပန်းခြံအနီး မီးရှော်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ (၂၀) ကြိမ်မြောက်၊ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သူရ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲအား စက်ခလုတ်နှိပ်၍ မီးပုံးပျံငယ်များလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့ကြသည်။

ဆက်လက်၍ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသား ရိုးရာ အကအလှအဖွဲ့များမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ၍ ပြိုင်ပွဲဝင်မီးရှော်တိုင်အဖွဲ့များမှ ပစ်လွှတ်ထွန်းညှိပူဇော်ယှဉ်ပြိုင်ခြင်းနှင့် နိုင်ငံကျော်သရုပ်ဆောင်နှင့် တေးသံရှင်များမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်း‌နောက်ပြိုင်ပွဲဝင်မီးရှော်တိုင်အဖွဲ့များမှ ယှဉ်ပြိုင်ခဲ့ရာ ရပ်ကွက် (၁) ကိုယ်စားပြု ရွှေမြန်မာမီး၊ ရပ်ကွက် (၁၁) ကိုယ်စားပြု ပွဲကြိုက်မီး၊မြင်းကကျေးရွာကိုယ်စားပြု လူကဲလေးမီးနှင့် ရပ်ကွက် (၄) ကိုယ်စားပြု ကြယ်ကြွေမီးတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ကလောမြို့ပေါ်ရှိရပ်ကွက် (၁၁) ရပ်ကွက်နှင့် ကျေးရွာများမှပြိုင်ပွဲဝင် မီးရှော်တိုင် (၂၁) တိုင်ကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)