ဟိုပုံး နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ နိုင်ငံ့အနာဂတ်စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်ရည်ရွယ်၍ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပေါင်လင်းကျေးရွာအုပ်စုရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ပေါင်လင်း)တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက စာအုပ်၊ စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက် ပြုသူများဖြစ်စေရန်အတွက် ကွင်းဆင်းဟောပြောရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါး တန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းထိုက်စိုးက ကျောင်းသား၊ ကျောင်းသူများအား ရေချိုသယံဇာတအကြောင်း သိကောင်းစရာများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်သည့် အဓိကအကြောင်းရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)