ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး

ရန်ကုန် နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင်  ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် တိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စုစုပေါင်း (၁၃၅)ဦးတို့မှ သွေးလှူဒါန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သွေးလှူဒါန်းနေသည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွေးလှူရှင်များအား  အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

အဆိုပါ သွေးများကို အမျိုးသားသွေးဌာနတွင် ထိန်းသိမ်းထားရှိကာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ ခွဲစိတ်ကုသမှုခံယူသူများ၊ သွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင်များအပြင် လိုအပ်သည်နေရာများထံသို့ အချိန်မီပေးပို့နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)