ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းအား ဂါဝရပြုတွေ့ဆုံ

ရန်ကုန် နိုဝင်ဘာ ၆

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey   Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr.IsKander Azizov နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ရန်ကုန်မြို့သို့ နံနက်ပိုင်းက ရောက်ရှိသည်။

ထို့သို့ ရောက်ရှိလာသည့် ဧည့်သည်တော်နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စောဆန်နီနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ (၁) တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံသည်။

ထို့သို့ တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ရင်းနှီးမြှပ်နှံရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်ရုံးသို့ ရောက်ရှိပြီး မင်္ဂလာခန်းမတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး စီးပွားရေးဆိုင်ရာများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးပါ တက်ရောက်ခဲ့ကြသည်။

၎င်းနောက် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အဖွဲ့ဝင်များက ကြိုဆိုကြပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြကာ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်ပူဇော်ကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောက်စိမ်းဗုဒ္ဓရုပ်ပွားတော်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ သာသနိကအဆောက်အဦးများကို ကြည်ရူလေ့လာကြခြင်းနှင့် သာယာဝတီမင်း ခေါင်းလောင်းတွင် ခေါင်းလောင်းထိုး ဆုတောင်းပြီး တနင်္လာနေ့ နံထောင့်၌ ဘုရားရေ သပ္ပယ်ဆုတောင်းကြသည်။

ယင်းနောက် ဧည့်သည်တော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Mr. lskander Azizov၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများကမြန်မာ - ရှရှားနိုင်ငံအလံငယ်များကို ဝှေ့ယမ်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မထွက်ခွာမှီ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် လေဆိပ်ဧည့်ခန်းမ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr.Andrey  Aleksandrovich Travnikov အား မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် ခရီးစဉ်မှတ်တမ်း ဓာတ်ပုံအယ်လ်ဘမ်အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)