ဟိုမိန်း ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ်(KFW)နှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေဖြင့် (Solar Home System) တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသုံးပြုသူနေအိမ်များသို့ SHS ဆိုလာ တပ်ဆင် ပြီးစီးမှု လုပ်ငန်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းထွန်း၊ ကျေးရွာမီးလင်းရေးတာဝန်ခံ ဦးကျော်မျိုးလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တစ်အိမ်သုံးဆိုလာ အသုံးပြုသူ အိမ်ထောင်စုများအား ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ရေရှည် အသုံးပြုနိုင်ရေးအတွက် ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုနိုင်ရေး၊ အသုံးပြုသူ များ လိုက်နာရမည့် သတ်မှတ်ချက်များနှင့် ပျက်စီးမှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ ဆက်သွယ်ပြုပြင်နိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်တွင် (၆၀)ဝပ် ဆိုလာကို ပြည်သူထည့်ဝင်ငွေ ၅၀,၀၀၀ ကျပ်၊ (၁၀၀)ဝပ် ဆိုလာအတွက် ပြည်သူ ထည့်ဝင်ငွေ ၁၅၀၀၀၀ ကျပ် အချိုးကျထည့်ဝင်မှုဖြင့် ဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းကျေးရွာများရှိ ကျေးရွာအတွင်း လမ်းမီးတိုင် များ ကိုလည်း စီမံကိန်းရန်ပုံငွေမှ အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း အကျိုးခံစားခွင့်အနေဖြင့် အရည်အသွေးကောင်းမွန် သည့် ပစ္စည်းများဖြစ်ခြင်း၊ အာမခံကာလအတွင်း ပျက်စီးသွားသော ပစ္စည်းများအား အသစ်အစားထိုး လဲလှယ်ပေးခြင်းနှင့် ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လင်းခေးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးထံမှ သိရသည်။
ဟိုမိန်းမြို့အတွင်း ဝေးလံခေါင်ဖျားပြီး သွားလာရေးခက်ခဲသည့် နောင်အောကျေးရွာ၊ ဟွေဟကျေးရွာနှင့် လုလေကျေးရွာ အပါအဝင် ကျေးရွာစုစုပေါင်း ၁၂ ရွာမှ အိမ်ထောင်စု (၂၈၄)စု အတွက် တစ်အိမ်သုံးဆိုလာစနစ် တပ်ဆင်ဆောင်ရွက် ပေးလျက် ရှိရာ ကျေးရွာ ၈ ရွာ၌ ဆိုလာမီးများ တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)