ဥတ္တရသီရိ နိုဝင်ဘာ ၆
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဥတ္တရသီရိရပ်ကွက်၊ မန္တလေးလမ်းဘေး စက်စက်ယိုချောင်းတွင် (၂၀၂၅-၂ဝ၂၆) ဘဏ္ဍာရေးနှစ်၊ နေပြည်တော် ကောင်စီဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၂၃ ဒသမ ၃၈၄ သန်းဖြင့် ဆောင်ရွက်ထားသော( အလျား ၇၈ ပေ × အမြင့် ၈ ပေ) ကျောက်စီမြေထိန်းနံရံပြုလုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က ရေစီး၊ ရေလာကောင်းမွန်စေရေးအတွက် ရေစီးမြောင်းများ စနစ်တကျတူးဖော်ရှင်းလင်းထားရှိရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေး၊ လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာ လှပစေရေး၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိရေးနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ အမြန်ဆုံးပြုပြင်နိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မင်းကုန်းကျေးရွာအုပ်စု၊ ဖောင်းလောင်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ (၁၇၆ ဒသမ ၅) ကျပ်သန်းဖြင့် ဆောင်ရွက်နေသော အိမ်ခြေ(၈၂)အိမ်၊ လူဦးရေ (၄၀၃)ဦးအား အကျိုးပြုသည့် ကျောက်ရော မြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအချိန်မီပြီးစီးစေရေး၊ သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပစေရေးနှင့် အရိပ်ရလေကာပင်များစိုက်ပျိုးရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ ကွင်းအမှတ်(၁၈၉၃)၊ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေ ရှစ်ဧကတွင် စိုက်ပျိုးထားသည့် မိုးစပါးစံပြကွက် ဆင်းသုခစပါးမျိုး ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက အထွက်နှုန်း အစို ၁၂၀တင်းနှင့် အခြောက် ၁၁၂ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)