ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော်တက်ရောက်

စစ်တွေ    နိုဝင်ဘာ  ၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာလ ၄ ရက်ညနေပိုင်းက စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရှေ့ ဝင်္ကဘာကွင်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ တက်ရောက်ကြသည်။

ဦးစွာ ၁၃၈၇ ခုနှစ် တန်ဆောင်တိုင်ပွဲတော်အား ရခိုင်မင်္ဂလာစည်တော်တီး၍ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့မှ ဗုဒ္ဓပူဇနိယယိမ်းအကဖြင့် ကပြဖျော်ဖြေနေမှု၊ ရခိုင်ဂန္တဝင်အဆိုကျော် ဦးမောင်သိန်း၊ ရခိုင်အဆိုကျော် မြတ်ခိုင်ကျော်၊ ခိုင်ကျော်လင်းတို့က ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ဝင်္ကဘာကွင်းအတွင်းမှ မီးပုံးပျံများလွှတ်တင်ကြပြီး ပြည်နယ်ဝန်ကြီးဌာနများအောက်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တည်ဆောက်ရေးကုမ္ပဏီများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စတုဒီသာကျွေးမွေးနေမှုကို ကြည့်ရှုအားပေးကြသည်။ အလားတူ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်တေးသံရှင်များကလည်း ရခိုင်တေးသီချင်းများဖြင့် ကပြဖျော်ဖြေလျက်ရှိသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လောကာနန္ဒာ စေတီတော်မြတ်ကြီး၌ကျင်းပသော တန်ဆောင်တိုင်ပွဲတော် ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲသို့ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ သည် လောကာနန္ဒာစေတီ တော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့ကဦးဆောင်ကာ ဆီမီးထွန်းညှိပူဇော် ပေးကြပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ပျော်ပျော်ပါးပါး ဆီမီးထွန်းညှိပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စေတီတော်ရင်ပြင်၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ပျော်ပျော်ပါးပါး မီးပုံးပျံများကို လွှတ်တင်ပူဇော်ကြသည်။

ထို့အတူ တန်ဆောင်တိုင်ပွဲတော် ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၊ ရန်ပြေမာန်ပြေဗဟိုကိုးနဝင်းဓါတုဧးစေတီနှင့် ရန်ပြေမာန်ပြေ ဘုရားကြီးတို့၌ကျင်းပလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများဖြင့်အထူးစည်ကား လျက်ရှိကြောင်းသတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး