အာခါတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်

အာခါတိုင်းရင်းသားလူမျိုးသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်မြစ်အရှေ့ခြမ်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်တစ်လျှောက်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

နှစ်စဉ်ဒီဇင်ဘာလ(၂၈)ရက်နေ့သည် မြန်မာနိုင်ငံရှိ အာခါတိုင်းရင်းသားလူမျိုးအားလုံးတို့၏ နှစ်သစ်ကူးပွဲတော် တစ်နည်း အားဖြင့် အာခါအမျိုးသားနေ့ဖြစ်ပေသည်။ ၂၀၂၀ပြည့်နှစ်၊ဒီဇင်ဘာလ(၂၈)ရက်နေ့သည် (၄၆)ကြိမ်မြောက် အာခါနှစ်သစ်ကူးနေ့ (အမျိုးသားနေ့)ဖြစ်သည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အမျိုးသားနေ့ကိုမကျင်းပဖြစ်တော့ပေ။ အာခါ တိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်နေ့(အမျိုးသားနေ့)ကို လွန်ခဲ့သောဆယ်ခုနှစ်လေးခုကျော် ကာလတုန်းက ၎င်းနေ့ရက်ကို နိုင်ငံတော်အစိုးရမှ တရားဝင်သတ်မှတ်ပေးထားခဲ့ပါသည်။

အာခါအမျိုးသားနေ့ဖြစ်ပေါ်လာပုံ

ယခုကဲ့သို့ အာခါတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်အဖြစ် တရားဝင်ကျင်းပနိုင်ရေးနှင့် အသိအမှတ်ပြုနိုင်ရေးတို့အတွက် လွန်ခဲ့သောနှစ်ငါးဆယ်အထက်တွင် အမြော်အမြင်ရှိသော လူကြီးသူမတို့က အထူးလုံ့လစိုက်ကာကြိုးစားခဲ့ရသည်ကို တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ကြားခဲ့ရဖူးပါသည်။

ရှေးဟောင်းသမိုင်းကိုရှာဖွေတူးဖော်ခြင်း

တရားဝင်နေ့ရက် တစ်ရက် အသိအမှတ်ပြု သတ်မှတ်ခံရနိုင်ရေးအတွက် အာခါလူမျိုးတို့၏ သမိုင်းဇစ်မြစ်ကို မူလနေရင်း အရပ် ဒေသနှင့် ဆင်းသက်လာပုံ၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံသမိုင်း စသည်ဖြင့် ရှေးပဝေသဏီ နှစ်ပေါင်းထောင်ချီခဲ့သော သမိုင်း တို့ကို ရှာဖွေတူးဆွ စုစည်းရင်းစာတမ်းများ အကြိမ်ကြိမ်ပြုစုကာ အာခါတိုင်းရင်းသားလူမျိုးအဖြစ် "အာခါ" ဟု တရားဝင် ခေါ်ဝေါ်သမုတ်နိုင်ရေး လူမျိုးတို့၏ အထိမ်းအမှတ်များ၊ အလံ၊ နှစ်သစ်ကူးနေ့အတွက် အတည်ပြုသတ်မှတ်ပေးနိုင်ရေး ကြိုးစားခဲ့ရပုံများကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားခဲ့ရဖူးသည်။ ယခုအချိန်ထိ သက်ရှိထင်ရှားရှိသေးသူများ လည်းရှိပါသည်။

ရိုးရာယဉ်ကျေးမှု ဘာသာစကားနှင့် စာပေ

နိုင်ငံတစ်နိုင်ငံ လူမျိုးတမျိုးအဖြစ်တည်တံ့နိုင်ရန် နိုင်ငံတော်ဟုအသိအမှတ်ပြုနိုင်ရန် နိုင်ငံတော်နယ်နိမိတ်နှင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာနှင့် အခြားအခြားသော အင်္ဂါရပ်များဖြင့် ပြည့်စုံရမည်ဖြစ်သကဲ့သို့ တိုင်းရင်းသား လူမျိုးစု တစ်စုအတွက် လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ခံရနိုင်ရေး မိမိတို့လူမျိုးစု၏မူလ ညောင်မြစ်ကို တူးဖော်ပြသနိုင်ရမည်ဖြစ်ပြီး ထိုလူမျိုး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဘာသာစကားနှင့် စာပေတို့လည်း အခိုင်အမာရှိရပေမည်။

မိမိတို့"အာခါ"တိုင်းရင်းသားလူမျိုးစုများသည် ဖော်ပြပါအချက်များ အခိုင်အမာတည်ရှိသော တိုင်းရင်းသားလူမျိုးစုလည်း ဖြစ်ပေသည်။ ဖော်ပြပါ ရိုးရာယာဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာစကားနှင့် စာပေစသည့် အချက်များကို ထိန်းသိမ်းခြင်းမရှိပါက လူသား(နိုင်ငံသား) အဖြစ်တော့ တည်ရှိကြမည်ဖြစ်သော်လည်း မကြာမီပျောက်ကွယ်သွား ရတော့မည် က အမှန်တရား တခုဖြစ်ပါလိမ့်မည်။

တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းကြပါမှစည်းလုံးညီညွတ်ကြပါမှ

မိမိတို့ အာခါတိုင်းရင်းသားလူမျိုးစုများအနေဖြင့် တိုင်းရင်းသားအရေးဆောင်ရွက်ကြရာတွင် ဘာသာရေး၊ နိုင်ငံရေး၊ ပုဂ္ဂလ အရေးတို့ကို ဘေးဖယ်ကြကာ ကျွန်ုပ်တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အာခါ တိုင်းရင်းသား လူမျိုး၊ ကျွန်ုပ်တို့သည် အယူဝါဒများ၊ ကိုးကွယ်ယုံကြည်မှုများ မည်သို့ပင် ကွဲပြားခြားနားကြစေကာမှု အာခါ တိုင်းရင်းသားလူမျိုးဖြစ်ကြသည် ဟူသော စိတ်ထားဖြင့် အမိုးတစ်ခုတည်း အောက်ဝယ် ရိုးရာယာဉ်ကျေးမှုအမွေအနှစ်များကို အလေးအမြတ်တန်ဖိုးထား၊ ထိန်းသိမ်းစောင့်ရှောက် ၊ဓလေ့ထုံးတမ်းများကို လိုက်နာ၊ စာပေနှင့်ယဉ်ကျေးမှုကို မြှင့်တင်၊ အတူတကွ ကြိုးစားလုပ်ဆောင်ကြပါက ယခုထက်ပိုမိုစည်းလုံးညီညွတ်ကာ ယခုထက်ပိုမို၍ မိမိတို့အာခါတိုင်းရင်းသား လူမျိုးတို့၏ ဂုဏ်ကိုမြင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံ့အကျိုးနှင့် လူမျိုးအကျိုးတို့ကို ယခုထက်ပိုမို သယ်ပိုးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း  ရေးသားဖော်ပြအပ်ပါသည်။

ယာဆေး