ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး အေးသာယာစက်မှုဇုန်၌ နေရောင်ခြည်စွမ်းအင်သုံး (၁၀ မဂ္ဂါဝပ်) လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ကွင်းဆင်းကြည့်ရှု

တောင်ကြီး  နိုဝင်ဘာ ၅

ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန်အကွက်ကြီးအမှတ်(၁၀၂)တွင် UNI ENERGY CO.,Ltd.မှ ဆောင်ရွက်နေသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀-မဂ္ဂါဝပ်)စီမံကိန်းသို့ နိုဝင်ဘာ၅ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက စီမံကိန်းပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား (၅ မဂ္ဂါဝပ်) ထွက်ရှိမည်ဖြစ်ကြောင်း၊ Battery Container နှင့် ဆက်စက်ပစ္စည်းများအားလုံးရောက်ရှိပြီးဖြစ်ပါကြောင်း၊ Solar Panel များတပ်ဆင်ထားရှိမှုမှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ 11 KV ဓာတ်အားလိုင်း ပေ ၁၇၀၀၀ သွယ်တန်းခြင်းတွင် ပေ ၁၂၀၀၀ သွယ်တန်းပြီးဖြစ်ပါကြောင်းနှင့် စီမံကိန်းအားလုံး၏လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ နှစ်စဥ်နှစ်တိုင်း လိုအပ်လျက်ရှိပါကြောင်း၊ စီမံကိန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးရန်လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀ မဂ္ဂါဝပ်) စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ Battery Container နှင့် ဆက်စက်ပစ္စည်းများရောက်ရှိမှုကို အခြေအနေလည်းကောင်း၊ ဆိုလာများတပ်ဆင်ထားသည့် အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် တောင်ကြီး-အေးသာယာအတက်လမ်းတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးထားသည့် စိမ်းလန်းစိုပြည်ရေးစိုက်ခင်း စိုက်ကွက်(၄)ကွက် စုစုပေါင်း (၈)ဧကရှိ စိုက်ပျိုးထားရှိသည့်သစ်ပင်များအား ကွင်းဆင်းကြည့်ရှုကာ ပြည်နယ်ဝန်ကြီးက စိုက်ပျိုးထားရှိသည့် သစ်ပင်များရှင်သန်အောင်မြင်အောင်ပြုစုထိန်းသိမ်းခြင်း၊ ပေါင်းသင်ရှင်းလင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ မီးကာကွယ်ခြင်းလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်