မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ၃၆ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေး  နိုဝင်ဘာ  ၄

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ၃၆ ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်း ပူဇော်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင်   မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မသိုးမြတ်သင်္ကန်းတော် ရက်လုပ်လှူဒါန်းပူဇော်မှု စတင်ခြင်းကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ပြီးမသိုးမြတ်သင်္ကန်းတော်အတွက် ဗိုင်းငင်ဝါဖတ်မှ စတင်ကာ ရက်ကန်းစင်တော်များဖြင့် အဆင့်ဆင့်ရက်လုပ် လှူဒါန်းပူဇော်နေမှုများကို လိုက်လံကြည့်ရှု အားပေးပြီး ရက်ကန်းပညာရှင်များ၊ စက်ချုပ်ပညာရှင်များ၊ လုပ်အားဒါနပြုအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ အဆိုပါ မသိုးမြတ်သင်္ကန်းတော်အား ညတွင်းချင်း ရက်လုပ်၍ တန်ဆောင်မုန်း လပြည့်နေ့နံနက်ပိုင်း၌ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာမုနိဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမြဝင်းနှင့်အဖွဲ့ဝင်များ၊ ဧည့်သည်‌တော်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)