တောင်ကြီး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပွဲတော် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ(၃)ရက် နံနက်(၈)နာရီခွဲကတောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရဲစခန်းရှေ့တွင် စုရပ်(၁)နှင့် ခမ်းလီစိန်ရွှေရတနာ ဆိုင်ရှေ့ ကုန်သည်လမ်းတွင်စုရပ်(၂)ဖြင့် စတင်လှည့်လည်ကြသည်။
မြို့လုံးကျွတ်မဟာဘုံကထိန် ပဒေသာပင်လှည့်လည်ပူဇော်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့ကဦးဆောင်၍ ပဒေသာပင်များကိုစတင် လှည့်လည်ပေးကြသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ၊ မြို့ပေါ်ရှိရပ်ကွက်များ၊ စျေးသူစျေးသားများ၊ ကုမ္ပဏီများ၏ ပဒေသာပင်များကိုဗိုလ် ချုပ်အောင်ဆန်းလမ်းတစ်လျှောက်မှ အရှေ့မြို့ပတ်လမ်းတစ်လျှောက်နှင့်ညောင်ရွှေဟော်ကုန်း ရပ်ကွက်ရှိ ခြင်္သေ့လမ်းမှထွက်၍မင်းလမ်းအတိုင်း လှည့်လည်လာရာ လမ်းဘေးဝဲယာ ပြည်သူများ စည်ကားသိုက်မြိုက်စွာကြည့်ရှုကြပြီး ပဒေသာပင်များကို အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရားမြို့လယ်ဓမ္မာရုံသို့ပို့ဆောင်ပေးကြသည်။
အဆိုပါတောင်ကြီးမြို့ (၇၅)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်ပဒေသာပင်လှည့်လည်ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအားပဒေသာပင်များခွဲဝေလှူဒါန်း သွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်တောင်ကြီးမြို့၏ ရိုးရာမပျက်တန်ဆောင်တိုင်ပွဲတော်ကိုနိုဝင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီက အဝေရာမီးပုံးပျံကွင်း၌ အဠမနေ့ နေ့လွတ်အရုပ်ပြိုင်ပွဲတွင်လည်းကွင်း လုံးပြည့်လျှံ ရပ်နီး၊ ရပ်ဝေးမှ ပွဲတော်လာဧည့်ပရိတ်သတ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာလာရောက်၍ မီးပုံးပျံလွတ်တင်ယှဉ်ပြိုင်နေမှုများနှင့်ပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိကြသည်။
စိုင်းသန်းကျော်(တောင်ကြီး)