သုံးခွမြို့ ရှစ်မျက်နှာစေတီတော်မြတ်ကြီးတွင် အကြိမ်(၄၀)မြောက်  မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

သုံးခွ နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့ အမှတ် (၄)ရပ်ကွက် မြို့မဈေးအနီးရှိ မြို့ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ရှစ်မျက်နှာ စေတီတော်မြတ်ကြီးတွင်အကြိမ် (၄၀)မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့်ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ည ၇ နာရီတွင် စေတီတော်ရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာနမောတဿသုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ပြီး ရှစ်မျက်နှာစေတီတော် ဘဏ္ဍာတော်ထိန်းအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းအောင်ကကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် အခမ်းအနားမှူး ဦးမျိုးအောင်က အလှူရှင်များ၏အမည်များကိုဖတ်ကြားပြီး ရက်ကန်းစင် လေးစင်အမည်နှင့် ပညာရှင်အမည်များကိုမိတ်ဆက်ပေးသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦး ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်သာသနာရေးမှူး ဦးကြည်စိုး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းအောင်တို့က ရက်ကန်းရက်လုပ်ပြိုင်ပွဲကိုဖွင့်လှစ်ပြီး ရက်ကန်းရက်ခတ်နေမှုကို ကြည်ရှုအားပေးခဲ့ကြောင်းသိရသည်။  ရက်လုပ်ပြီးသော မသိုးရွှေကြာသင်္ကန်းများကို ယနေ့နံနက် (တန်ဆောင်မုန်းလပြည့်နေ့) အရုဏ်မတက်မီ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ၊ စိန်ဘုရား၊ မြဘုရား၊ ပတ္တမြား ဘုရားများ၊ ဂြိုဟ်ပြေနံပြေဘုရားများအားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် ခုနစ်ရက်သားသမီးအလှူရှင်များ ကိုယ်တိုင် ဆက်ကပ်လှူဒါန်းဇော်ကြကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၇ နာရီတွင် မြို့နယ်ဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဆရာ တော်များအမှူးပြုသော သံဃာတော် (၁၀၈)ပါးတို့အားဆွမ်းဆန်စိမ်း၊ နဝကမ္မဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးရောင်း၊ ဈေးဝယ်များက ဆပ်ကပ်လှူဒါန်းကြကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)