သာကေတ နိုဝင်ဘာ ၄
သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈-တောင် မဟာဗောဓိစွယ်တော်ရှင် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍နှစ်စဥ်ဆက်ကပ်မြဲဖြစ်သည့် စေတီတော်ကြီးနှင့် စေတီတော်ပရိဝုဏ်အတွင်း သီတင်းသုံးတော်မူသော ဗုဒ္ဓရုပ်ပွားတော်များအား ရွှေကြာ သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ညနေ ၄ နာရီတွင် ပုဗ္ဖာရုံတန်ဆောင်း၌ ဘဒ္ဒန္တမုနိန္ဒ (ဟင်္သါတ အတွင်းပတ္တမြားစာသင်တိုက်ခွဲ)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆရာတော်မှ အနုမောဒနာတရားဟောကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့ကြသည်။
ယင်းနောက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် ၇ ရက်သားသမီးများက ဆက်ကပ်လှူဒါန်းမည့် ရွှေကြာသင်္ကန်းများကို စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ပြီး ၁၀၈-တောင်မဟာဗောဓိစွယ်တော်ရှင် စေတီတော်မြတ်ကြီးနှင့် စေတီတော်ပရိဝုဏ်အတွင်းရှိ တန်ဆောင်းအသီးသီး၊ သတ္တဋ္ဌာနအသီးသီးတို့၌ သီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွားတော်များကို ရွှေကြာသင်္ကန်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ရွှေကြာသင်္ကန်း ၈၂ ထည် ဆက်ကပ်လှူဒါန်းရာတွင် ပြည်အေးတန်ဆောင်းရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်အား ဆက်ကပ်သည့် ရွှေကြာသင်္ကန်းသည် အနံ ၂၇ ပေ x အလျား ၅၉ ပေရှိကာ ကြီးဆုံးလည်းဖြစ်ကြောင်းသိရသည်။
အိရွှေစင်လတ်(သာကေတ)