မြစ်သားမြို့တွင် ၁၃၈၇ခုနှစ်၊ (၈၈)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ

မြစ်သား နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် ရှေးဟောင်းသမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၇ခုနှစ်၊ (၈၈) ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကြီးအား မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပွဲကို ယနေ့ မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ လှည့်လည်ပွဲကို မြစ်သားမြို့ဝင်ဆိုင်းဘုတ်မှစ၍ တန်းစီနေရာယူကြပြီး ရွှေမုဋ္ဌောဘုရားကွင်းသို့ မြို့ နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ ပေါ်(၆)ရပ်ကွက်ရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မော်တော်ယာဥ်လိုင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသ ခံပြည်သူများကပြုလုပ်ထားသော ပဒေသာပင် ပေါင်း (၇၂)ပင်အား ရှေ့ဆုံးမှမြတ်စွာဘုရားအား ပင့်ဆောင်၍ နောက်မှအလှည့်ကျ စီတန်းကာ ရပ်ကွက်ကျေးရွာအလိုက် ခေတ်ပေါ်တီးဝိုင်းများ၊ အိုးစည်ဒိုးပတ်ဝိုင်း၊ အဆို၊ အက၊ အတီး၊ အမှုတ်များ၊ ရိုးရာဆင်ကအလှများကို ဖျော်ဖြေယာဉ်ကြီးများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။ ထို့နောက် အနယ်နယ်အရပ်ရပ်မှလာ ရောက်လည်ပတ်ကြသော ဘုရားဖူးပရိသတ်များနှင့် ဒေသခံပြည်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တန်‌ဆောင်မုန်းလပြည့်နေ့တွင် ပင့်သံဃာတော်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းပြီး မဟာဒုတ်မဲနှိုက်၍ မဲပေါက်သူတို့က မြသပိတ်တော်၊ လက်ဝဲတော်ရံ၊ လက်ယာတော်ရံ တို့အားပင့်ဆောင်ပူဇော်ခြင်း ပဒေသာပင်များအား စာရေးတံမဲချ၍ မဲပေါက်သောဘုန်းကြီးကျောင်းသို့အရောက် ပျော်ရွှင်စွာ ပို့ဆောင်လှူဒါန်းကြပြီး  ညပိုင်းတွင်ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင်များဖြင့် ထွန်းညှိဆက်ကပ် လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း  ရွှေမုဋ္ဌောဘုရားအကျိုတော်ဆောင်ဂေါပက ဦးကံညွန့်ထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)