မော်လမြိုင်၊ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ ရာမည ဖွံ့ဖြိုးတိုးတက်ရေးဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သဝါယမအသင်းလီမိတက်၏ အအေးခန်းစက်ရုံ၊ ပစ္စည်း သိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာ၊ မော်လမြိုင်-မုဒုံ ကားလမ်းမကြီးဘေး စီမံကိန်းမြေနေရာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ စီမံကိန်း ရှင်းလင်းဆောင်၌ ပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အအေးခန်းစက်ရုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မင်္ဂလာအချိန်တွင် ရာမည ဖွံ့ဖြိုးတိုးတက်ရေး ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သဝါယမအသင်းလီမိတက်၏ အအေးခန်းစက်ရုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့် မြေနေရာအတွင်း သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များအား (၃)ကြိမ်စီ ရိုက်သွင်းခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အအေးခန်းစက်ရုံ၊ ပစ္စည်းသိုလှောင်ရုံနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မည့်မြေနေရာများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဒေသထွက် သစ်သီးနှင့် အခြားစိုက်ပျိုးနှံများ အရည်အသွေးထိန်းသိမ်းပြီး ဈေးကွက်ထုတ်ကုန်အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်ပေးကြရန် မှာကြားကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးပေးမှုတို့ဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား အံကပ်တပ်ဆင်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ကြီးရွယ်အိုများရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးသည် အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပြီး သွားကျန်းမာရေး မကောင်းမွန်မှုတို့ကြောင့် ငယ်စဉ်က အသက်အရွယ် ကြီးမြင့်လာ၍ သွားများဆုံးရှုံးခဲ့ရသူများအတွက် အံကပ်တပ်ဆင်ပေးခြင်းဖြင့် များစွာသော အထောက်အကူများ ဖြစ်စေမှာဖြစ်ကြောင်း၊ ယခုလို အံကပ်တပ်ဆင်ပေးခြင်း အစီအစဉ်မျိုးကို နှစ်စဉ်လာရောက် ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် သွားကျန်းမာရေးနှင့် လိုအပ်တဲ့အခြားပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီးပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ သွားနှင့်ခံတွင်းပြင်ပလူနာဌာနတွင် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်/သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ အံကပ်တပ်ဆင်ပေးခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး နေပြည်တော် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)