ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက်အလှည့်ကျ ပွဲတော်ကျင်းပရေးကော်မတီ၏ (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်လှူဒါန်းရေစက်ချ အခမ်းအနား

ပင်လုံ နိုဝင်ဘာ  ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မြို့မနောင်ကွတ်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သောပင်လုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ကထိန်ခင်းပင့်ကျောင်း(၁၀)ကျောင်းနှင့် အရံပင့်ကျောင်း(၇)ကျောင်းအားကထိန်လျာသင်္ကန်း၊ အရံသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည့် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှူဒါန်းရေစက်ချ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ လှူဒါန်းမှု အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပွဲကော်မတီတစ်ဦးမှ (၆၀)ကြိမ်မြောက် ပင်လုံမြို့ မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်လှူဒါန်းမှုစာရင်းအကျဥ်းကို ဖတ်ကြားတင်ပြပြီး ဘုရားအမှူးရှိသော ဆရာတော်သံဃာတော်အရှင်မြတ်များအား အလှူရှင်များ ကိုယ်စားပန်း ဒကာမှ ဦးဆောင်၍ ပန်းများဆက်ကပ်လှူဒါန်းခြင်းနှင့် နောင်ကွတ်ဆရာတော်မြတ်ဘုရားထံ ပရိသတ်များက သရဏဂုံသုံးပါးနှင့်တကွ(၅)ပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဉာတ်သင်္ကန်းအလှူရှင်များမှ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပွဲကျင်းပရေးကော်မတီ နဝကမ္မဝတ္ထုအစုစုဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်ချီးမြှင့်ပေးခြင်း၊ ဦးစီးပဓာနနာယကဆရာတော်မြတ် ဘုရားထံမှ ကထိန်အနုမောဒနာတရားနာယူပန်ဆင်ပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့သည်။

ထို့နောက် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူပွဲတော်တွင် ဆုရသော ပဒေသာပင်အလှများအား ဆုချီးမြှင့်ပေးခဲ့ပြီး​​ပွဲကျင်းပရေးကော်မတီမှ ကျေးဇူးတင်စကား ပြောကြားပြီး ရတနာမြတ်သုံးပါးကို သြကာသကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့၍ ဆရာနှင့် တကာဗုဒ္ဓသာသနံ စိရံတိဠတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့သည်။

၄င်း(၆၀)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်း မဟာဘုံကထိန်အလှူပွဲတော်အား ယမန်နေ့  မွန်းတည့် (၁၂:၀၀) အချိန်က ပင်လုံမြို့ရှိ ရပ်ကွက်(၄)ရပ်ကွက်မှ စေတနာရှင် အလှူရှင်များ၊ စျေးအရှေ့/အနောက်/တောင်မှကာယလုပ်သားများဆိုင်ကယ်လိုင်းအဖွဲ့များ၊ယာဥ်ငယ်ဂိတ်များတပ်ရင်းတပ်ဖွဲ့များ၊စာပေယဥ်ကျေးမှုအသင်းအဖွဲ့များ၊ ပညာရေးကျောင်းများ၊ ရပ်ဝေးရပ်နီး အလှူရှင်များအဖွဲ့အစည်းအသီးသီးနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲတော် ပဒေသာပင်များကို အိုးစည်ဗုံမောင်းများ၊ အကများဖြင့် မြို့အတွင်းသို့ စည်းကားသိုက်မြိုက် ပျော်ရွှင်စွာ လှည့်လည်ပူဇော်ခဲ့ပြီး လှူဒါန်းသည့်ပဒေသာပင်စုစုပေါင်း(၇၆)ပင် ဖြစ်သည်။ လှူဒါန်းသည့်တန်ဖိုးငွေကျပ်မှာ(၂၉၃၉.၂၁၈၅၀/-)သိန်း (နှစ်​ထောင်ကိုးရာသုံးဆယ်ကိုးသိန်းနှစ်သောင်းတစ်ထောင်ရှစ်ရာငါးဆယ်ကျပ်)ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)