မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်၌ (၅၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပ

မိတ္ထီလာ နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာ ဗောဓိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၅၅) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော် ပညာဓိကတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။    

အဆိုပါ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲအား ဦးစွာ သဒ္ဓမ္မဝံသာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယက ဘဒ္ဒန္တနန္ဒဝံသ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင် ဦးနိုင်ဝင်းကျော်၊ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းနှင့် နဂါးရုံမဟာဗောဓိ စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းစိန်တို့က ဖဲကြိုးဖြတ်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေးနှင့် စေတီတော်ဂေါပကအဖွဲ့မှ ဦးညီညီမောင်တို့က အောင်စည်အောင်မောင်းတီးကာ ဖွင့်လှစ်ပေးသည်။

ထို့နောက် နဂါးရုံမဟာဗောဓိစေ တီတော်အတွင်း တည်ထားကိုးကွယ်သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ကပ်လှူပူဇော်မည့် မသိုးသင်္ကန်းများကို ရက်ကန်းစင် (၅) စင်ဖြင့် ရွာသစ်၊ ကျောက်ပုံ၊ ညောင်ပင်လျှို၊ ကက္ကူကန်နှင့် သရက်တန်းကျေးရွာများမှ ရက်ကန်းအဖွဲ့များက ရက်လုပ်ကြရာ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးသည်။

အဆိုပါ  ရက်လုပ်ရရှိသော သင်္ကန်းများကို မီးကင်ခြင်း၊ ဝိနည်းတော်နှင့် အညီချုပ်လုပ်ခြင်းများဆောင်ရွက်ပြီး  နိုဝင်ဘာလ ၄ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့  အရုဏ်မတက်မီအချိန်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ကပ်လှူပူဇော်သွားမည်ဖြစ်သည်။  မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့်အတူ နိုဝင်ဘာလ ၄ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက်ပိုင်းတွင် ပင့်သံဃာတော်များအား ဆွမ်းသပိတ်များ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ