တာမွေ နိုဝင်ဘာ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမာခရစ္စနားမစ္စရှင်ဘုရားရှစ်ခိုးဝတ်ပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးဇော်ဇော်နိုင်၊ ဦးအောင်ဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းထွန်း၊ နာယကကြီး ဦးဘနီ၊ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်စည်သူ၊ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြင့်၊ သနန္တန ဓမ္မပါလကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာလှထွန်း၊ တမီလ်ဟိန္ဒူဘာသာရေးရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်ထွန်းတို့က ဟိန္ဒူရိုးရာ “ဒီပါဝတီ” ဆီမီးထွန်းညှိ၍ အခမ်း အနားကိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများအား “ဒီပါဝလီ” ခြုံလွှာနှင့် ဂုဏ်ပြု ပန်းကုံးများ ချီးမြှင့်ခဲ့သည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး နာယက ဦးဘနီမှ ဟိန္ဒူဘာသာကိုယ်စား “ဒီပါဝလီ” ပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စည်သူက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား VJ Dancer Group ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအကအဖွဲ့မှ ဆီမီးအက၊ ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်၍ ဒီပါဝလီ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားအား ညနေ (၆)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင်(ပြန်/ဆက်)