ပူတာအိုမြို့၌ မီးငြှိမ်းသတ် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသေးစားစက်မှုလုပ်ငန်းများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ပူတာအို နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက ဈေးအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မီးငြှိမ်းသတ် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသေးစားစက်မှုလုပ်ငန်းများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့မဈေး၌ ဆောင်ရွက်သည်။

ဦးစွာ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်က မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူး အသုံးပြုပုံ အသုံးပြုနည်းများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင် နှင့်အဖွဲ့ဝင်များက လျှပ်စစ်ရုံးဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများနှင့် မြို့မဈေးသူဈေးသားများ၏ မီးသတ်ဆေးဘူး အသုံးပြုကာ မီးငြှိမ်းသတ် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်သန့်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတု၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြည်လွင်တို့ ပူးပေါင်းမှုဖြင့် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများဖြစ်ကြသည့် ဝါးတူလုပ်ငန်း၊ ရေခဲစက်လုပ်ငန်း၊ ခေါက်ဆွဲလုပ်ငန်းနှင့် လုံးစွတ်ရပ်ကွက်ရှိဆန်းဆန်စက်လုပ်ငန်းများအား မီးဘေးလုံခြုံရေးလုပ်ငန်းများအတွက် စက်ရုံများတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများနှင့် မီးပလပ်ခုံများ ကောင်းမွန်ခြင်းရှိမရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းခြင်း ရှိ မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်း အန္တရာယ်ရှိသော မီးပလပ်ခုံများနှင့် မီးကြိုးများအား အချိန်မီလဲလှယ်နိုင်ရေးတို့ကို တာဝန်ရှိသူများအားဆွေး နွေးမှာကြားခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)