ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအားလေ့လာ

ညောင်ဦး နိုဝင်ဘာ ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်က တပ်မတော် လေယာဉ်ဖြင့် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညို၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးသော်ထိုက်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေလင်းစိုး၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ကျောင်းသား/သူများမှ ပုဂံခေတ်ဝတ်စုံဖြင့် ကြိုဆိုခဲ့ကြပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မော်တော်ယာဉ်ဖြင့် လေဆိပ်မှထွက်ခွာလာရာ  Aureum Palace Hotel သို့ရောက်ရှိခဲ့ကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ရှေးဟောင်း သုတေသနပြတိုက်သို့ ရောက်ရှိလေ့လာကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ပြီးနောက် ရှေးဟောင်းအဆောက်အအုံအမှတ် (၂၁၇၁) အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရားသို့ သွား ရောက်လေ့လာကြရာတာဝန်ရှိသူများက ရှင်းလင်းပြသသည်။ ညနေပိုင်းတွင်  အုပ်ချုပ်ရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့သည် နန်းမြင့်မျှော်စင်သို့ တက်ရောက်၍ နေဝင်ဆည်းဆာ ကြည့်ရှုကြပြီးနောက် ရွှေစည်းခုံစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။ ထို့နောက် ဦးဘငြိမ်း ယွန်းထည်ဆိုင်သို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း