ကွမ်းခြံကုန်းမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ

အင်းစိန် နိုဝင်ဘာ

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၊ ဗိုလ်ချုပ်လမ်းဘေးရှိ တောင်သူ ဦးဝင်းကြည်၏ လယ်မြေတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ Drum Seeder ဖြင့် စပါးစိုက်ပျိုးရေး နည်းစနစ်များကို ၂၀၂၃ ခုနှစ် နွေစပါးရာသီမှစ၍ ဆောင်ရွက်ခဲ့ ကြောင်း၊ Drum Seeder ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျ စရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သာစေခြင်းနှင့် သီးနှံများ ညီညာစွာ ပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါကြောင်းနှင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ရေးအတွက် ရေရရှိရေးသည် အဓိကအကျဆုံး အခြေခံအုတ်မြစ်ပါကြောင်းစသည်တို့ကို ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြားသည်။

ယင်းနောက် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က တွံတေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးစိုက်ပျိုးမှု  အခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တောင်သူများနှင့် တာဝန်ရှိသူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Drum Seeder များ အကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသခဲ့သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က  မိုးစပါးစံကွက်အား ရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးသည်။

အဆိုပါ အခမ်းအနားတွင် Drum Seeder များ၊ ဓါတ်မြေဩဇာများ၊ စပါးမျိုးစေ့ နမူနာများ၊  ကောက်ရိုးထုံးစက်နှင့် ကောက်ရိုးထုံးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး အနိမ့်တင်ဆိုလာ(၁၄)ချပ်တွဲနှင့် (၂)ချပ်တွဲ ရေတင်စက်များစသည်တို့ကို ပြသထားသည်။

ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးဝင်းကြည်၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ (၁)ဧကလျှင် စပါးတင်း အခြောက်ထွက်နှုန်း (၁၁၄.၅၆)တင်း ထွက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)