မြစ်ကြီးနား နိုဝင်ဘာ ၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဖလား ၂၀၂၅ ခုနှစ် တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်း၌ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံ၊ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ဌာနေတိုင်းရင်းသားမျိုးနွယ်စု ဘောလုံးအသင်းများ၊ ဘင်ခရာအဖွဲ့နှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူလေးများက ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ဘောလုံးပြိုင်ပွဲသည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများအတွင်း မိမိတို့မျိုးနွယ်စုကို ချစ်မြတ်နိုးပြီး အခြားသောမျိုးနွယ်စုများကာ ပြည်နယ် ချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုတိုးပွားထက်သန်လာစေရန်၊ မိမိတို့ အစိုးရအဖွဲ့နှင့် မျိုးနွယ်စုများအကြား အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ စည်းလုံးညီညွတ်မှုနှင့်အတူ ပိုမိုကောင်းမွန်သော လူမှုအသိုက်အဝန်းကို ထူထောင်ပြီး ပြည်နယ်၏ အကျိုးစီးပွားအတွက် လက်တွဲညီညီ အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဆိုသည့် စိတ်ဓာတ်ကို ဖော်ပြရာရောက်ပါကြောင်း၊ ထို့အပြင် ဘောလုံးပြိုင်ပွဲကို အားကစားတစ်ခုအနေဖြင့် ရှုမြင်ခြင်းမပြုဘဲ အားကစားမှတစ်ဆင့် မိမိတို့၏ မျိုးချစ်စိတ်ဓာတ်နှင့်အတူ ရိုးရာယဉ်ကျေးမှုအနုပညာများကို ထုတ်ဖော်ပြသနိုင်သည့် ပြည်နယ်၏ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုအဖြစ် မြင်တွေ့ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က တိုင်း ရင်းသားမျိုးနွယ်စုများ စုပေါင်းပြီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်း လင်းတင်ပြကာ မျိုးနွယ်စုပေါင်းစုံ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ကြောင်း ကြေညာရာ ဘင်ခရာအတီး အမှုတ်များအတူ မိုးပျံပူပေါင်းများ လွှင့်တင်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တိုင်းရင်းသားစာပေယဉ် ကျေးမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကချင်တိုင်းရင်းသားမျိုးနွယ်စုအသင်း များဖြစ်သည့် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊ လီဆူ၊ ရဝမ် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းတိုင်းရင်းသား မျိုးနွယ်စု အသင်းများဖြစ်သည့် တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းဆာ၊ တိုင်းခမ်းတီ မျိုးနွယ်စု (၅) မျိုးနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စု အပါအဝင် ဘောလုံးအသင်း (၁၂)သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားမျိုးနွယ်စုအလိုက် လာရောက် ကြည့်ရှုအားပေးသူများ၊ဘောလုံးချစ်ပရိတ်သတ်များနှင့်အတူ ဖွင့်ပွဲအထိမ်းအမှတ် လော်ဝေါ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို လည်းကောင်း၊ တိုင်းလိုင်နှင့် တိုင်းဆာရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ အကအလှဖြင့် ဖျော်ဖြေတင်ဆက်မှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအကအဖွဲ့များနှင့် ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာနှင့် ကျောင်းသူများအား ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားမျိုးနွယ်စုဘောလုံးအသင်း (၁၂)သင်းတို့အတွက် တစ်သင်းလျှင် ငွေကျပ် ၁၀ သိန်းနှုန်း ဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း (၁၂၀)ကို ထောက်ပံ့ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက အဖွင့်ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံလော်ဝေါ်မျိုးနွယ်စုဘောလုံးအသင်းနှင့်တိုင်းလုံရှမ်းမျိုးနွယ်စုဘောလုံးအသင်းတို့၏ အကြိတ် အနယ်ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဖော်ထုတ်လျက်ရှိသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများအပါအဝင် ကျေးရွာတိုးချဲ့ကွက်သစ်မြေနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် အဆိုပါ မော်ဖောင်းကျေးရွာအုပ်စုအတွင်း ကွင်း အမှတ် (OSS-၂၈၂) ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ (၄၈၀) ဧကအတွင်း ဌာနဆိုင်ရာမြေနေရာသတ်မှတ်လျာထားပြီးစီးမှု၊ ပတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ကျေးရွာတိုးချဲ့ကွက်သစ်မြေဧရိယာအား အဆောက်အဦနှင့်အိုးအိမ်ဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူ များက မြေပြင်အခြေအနေအား ကွင်းဆင်းတိုင်းတာ၍ အိမ်ရာမြေကွက်များ၊ ဈေး၊ ကျောင်းနှင့် ကစားကွင်းများ၊ လမ်းသွယ်များနှင့် ရေကျော်တံတားတည်ဆောက်မည့် မြေနေရာများ သတ်မှတ်လျာထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)