စစ်တွေ နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကိန်းဝပ် စံပါယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် အောင်စင်္ကြာမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အောင်စင်္ကြာမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး သိမ်တော်၌ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ (Y.M.B.A) ဗဟို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ စစ်တွေမြို့၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအဖွဲ့ဝင် ရွှေစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသ အမှူးပြုသော သံဃာတော်များက အောင်စင်္ကြာမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြသည်။
ဆက်လက်၍ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ် ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရွှေစေတီကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသက အောင်စင်္ကြာမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ရက္ခိတစွမ်းအား ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဝင်းမောင်မောင်က အောင်စင်္ကြာမုနိ ဘုရားသိမ်တော် ဘက်စုံပြုပြင်ရန်အတွက် အလှူငွေကျပ် ၁၀ သိန်း၊ ရွှေစေတီပညာရေး ဖောင်ဒေးရှင်းအတွက် အလှူငွေကျပ် ၅ သိန်းတို့ကို လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြသည်။ ယင်းနောက် ရွှေစေတီကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရိယဝံသထံမှ အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (Y.M.B.A) ဗဟိုမှ ရခိုင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများအား မင်္ဂလဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားသို့တက်ရောက်သည်။
ဦးစွာ အခမ်းအနားကို စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်နှင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ ရခိုင်မင်္ဂလာစည်တော်အဖွဲ့က ရတနာသုံးပါးဂုဏ်တော်ကို ပူဇော်ပြီး ထူးမခြားနား သီချင်းခံ(၃)ပိုဒ်ကို (CD) ချပ်ဖြင့် ပူဇော်ကာ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူကြသည်။ ယင်းနောက် မြို့နယ်ဩဝါဒါ စရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာမင်္ဂဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်က သမ္မောဒနီယ ဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(Y.M.B.A) ဗဟို ဒုတိယဥက္ကဋ္ဌ မဟာမင်္ဂလာ ဓမ္မဇောတိက ဓဇ၊ ဦးပြည့်စိုးဟန်က ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းနှင့် ပတ်သက်၍ လျှောက်ထားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ရရှိကြသော ဆရာတော်ကြီး နှစ်ပါးနှင့် မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရရှိကြသော ဆရာတော်ကြီးနှစ်ပါးတို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (Y.M.B.A) ဗဟို ဥက္ကဋ္ဌ ဦးရဲထွန်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ မဟာမင်္ဂလဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိသော လူပုဂ္ဂိုလ်တစ်ဦးနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိ ကြသော လူပုဂ္ဂိုလ်(၂)ဦးတို့အား (Y.M.B.A)ဗဟို ဥက္ကဋ္ဌ ဦးရဲထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က (Y.M.B.A)အသင်းဗဟိုသို့ ပေးအပ်လှူဒါန်းသည့် အလှူငွေ များကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပေးအပ်လှူဒါန်းရာ (Y.M.B.A)ဗဟို ဥက္ကဋ္ဌက လက်ခံရယူပြီး ရွှေစေတီကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)