ရန်ကုန်တိုင်းဒေသကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး MSMEs တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ယမန်နေ့နံနက်ပိုင်းစတင်၍ ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ ဒေသထွက်ထုတ်ကုန်များ ရောင်းချသူနှင့် ဝယ်ယူအားပေးကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဈေးရောင်းပွဲတော်တွင် စက်မှုဇုန်များ၊ MSMEလုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာအရောင်းဆိုင်များ၊ စား သောက်ဆိုင်ခန်းများ အပါအဝင်ဈေးဆိုင်ခန်းပေါင်း ၆၃၀ ကျော်တွင် ပြည်တွင်းထုတ် ကုန်ပစ္စည်းများဖြစ်သည့် အဝတ်အထည်များ၊ စားသောက်ကုန်များ၊ အလှမွေးငါးများ၊ အိမ်မွေးတိရစ္ဆာန် တွားသွားသတ္တဝါများ၊ မြန်မာ့သနပ်ခါးများကို ခင်းကျင်းပြသရောင်းချလျက်ရှိသည့်အပြင် မြန်မာနိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက သက်သာသောဈေးနှုန်းများဖြင့် ဆီများကို ရောင်းချပေးလျက်ရှိရာကြည့်ရှု ဝယ်ယူအားပေးသူများဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်တိုင် ဈေးရောင်းပွဲတော်တွင် Talk Show အစီအစဉ်၌ MSME များအတွက် ချေးငွေနှင့် စံချိန်စံညွှန်းဆိုင်ရာနှင့် အထောက်အပံ့များခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာစီးပွားရေးလုပ်ငန်းရှင်များနှင့် ပွဲတော်လာပြည်သူများက စိတ်ဝင်တစားလာရောက် နားထောင်အားပေးလျက်ရှိသည်။

ဖျော်ဖြေရေးမဏ္ဍပ်၌လည်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် သဘင်နှင့်ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင် များစွာတို့၏ သီဆိုဖျော်ဖြေမှုများကြောင့် တန်ဆောင်တိုင်စျေးရောင်းပွဲတော်ကို ပိုမိုအသက်ဝင် စေခဲ့ပြီး အနယ်နယ်အရပ်ရပ်မှပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးစွာဖြင့် သီချင်းတေးသွားများကို အတူတကွပျော်ရွှင်စွာနားဆင်ခံစားကြပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အလှူရှင်မိသားစုတို့က လှူဒါန်းသည့် စတုဒိသာထမင်း၊ ဟင်းများကိုလည်း အားပါးတရပျော်ရွှင်စွာ သုံးဆောင်ကြသည်ကိုတွေ့ရသည်။ ဈေးရောင်းပွဲတော်လာ ပြည်သူများအတွက် သန့်ရှင်းစွာ စည်းကမ်းရှိသည့်ပွဲတော်ဖြစ်စေရေးအမှိုက်များစနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobille Toilet များထားရှိဆောင်ရွက်ပေးထားပြီး ပွဲတော်လာပြည်သူများ သွားရေး၊ လာရေး အဆင်ပြေလွယ်ကူစေရန်အကြို/အပို့ကားများစီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)