ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

ပုဇွန်တောင် နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အမှတ်(၂) ရပ်ကွက်၊ ၅၅ နှင့် ၅၆ လမ်းကြား၊ မဟာဗန္ဓုလလမ်းရှိ New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးလုံခြုံရေး အသိပညာပေးခြင်း၊ မီးဘေးကာကွယ်ရေး အထောက်အကူပြုပစ္စည်းများဖြစ်သည့် သဲ၊ ရေ၊ လှေကား၊ မီးချိတ်၊ မီးကတ် အစရှိသည်များ ထားရှိရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြပြီး မီးသတ်ရေကန်များတွင် ရေလုံလောက်စွာ ဖြည့်တင်းထားရှိမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေး သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် အပေါ့စား စက်ကလေးများ အသုံးပြုနိုင်ခြင်း ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်