ရန်ကုန် နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ပြည်သူ လူထုအနေနှင့် စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာဖြင့် ဂီတဖျော်ဖြေမှုများကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသ ရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းသောယှဉ်ပြိုင် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့်အမယ်သစ် အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSMEs လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါ ရည်မျှော်ရှေးရှုလျက် စီမံဆောင်ရွက်ထားရှိသည့် ယခုပွဲတော်ကြီးတွင် ပါဝင်ဆင်နွဲကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ၂၀၂၅ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးနှင့် စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ စက်မှုဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ဖျော်ဖြေတီးခတ် တင်ဆက်ကပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ဈေးဆိုင်ခန်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါး အရောင်းပြခန်း၊ နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်ပစ္စည်းများ ပြခန်း၊ အလှမွေးငါး၊ အိမ်မွေးတိရစ္ဆာန်၊ တွားသွားသတ္တဝါ အရောင်းပြခန်းတို့အား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၄)ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ Talk show အစီအစဉ်များ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုထုတ်ကုန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဒေသထွက်ကုန်ပစ္စည်းများနှင့် အစားအစာ အရောင်းဆိုင်များ၊ စားသောက်ဆိုင်ခန်းများအပါအဝင် ဈေးဆိုင်ခန်းပေါင်း (၅၆၈)ခန်းကျော် ခင်းကျင်းရောင်းချလျက်ရှိရာ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ် စတုဒီတာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ် ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)