နေပြည်တော် နိုဝင်ဘာ ၂
၂၀၂၅ ခုနှစ်၊ (၅၅)ကြိမ်မြောက်၊ တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်တွင် မြန်မာ့ရိုးရာလှည်းယဉ်ကျော့ပြိုင်ပွဲနှင့် နွားအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်လှည်းယဉ်များ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီများနှင့် ပြည်သူများတက်ရောက်ကြသည်။
ဦးစွာ မြန်မာ့ရိုးရာလှည်းယဉ်ကျော့ပြိုင်ပွဲနှင့် နွားအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ အဖွင့်အမှာစကားပြောကြားရာ တပ်ကုန်းမြို့နယ်တွင် လှည်းယဉ်ကျော့ပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်မှာ ပထမအကြိမ်အဖြစ် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပခဲ့ပြီး အခုလို ဒုတိယအကြိမ် ဖြစ်မြောက်အောင် ဆောင်ရွက်ရခြင်းသည် ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ကို မြို့နယ်အတွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ် လူရွယ်တွေ မြင်တွေ့ရပြီး တန်ဖိုးထား မြတ်နိုးတတ်စေအောင်၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေအောင် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မိဘဘိုးဘွားများရဲ့အမွေအနှစ် လှည်းယဉ်များကို တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်နှင့် နွားချော/နွားကောင်းများ အလှမွေးသူတို့ကိုလည်း ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း၊ ယခင်မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတွေကို နောင်မျိုးဆက်သစ် လူငယ်တွေ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းလဲ ဖြစ်ပါကြောင်း၊ လှည်းယဉ်ကျော့ပြိုင်ပွဲဝင်များအနေဖြင့်လည်း စည်းကမ်းရှိရှိ ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကိုလိုက်နာပြီး အနိုင်ရရှိရေး ကြိုးစားယှဉ်ပြိုင်ကြဖို့ ပြောကြားလိုပါကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း လက်ရှိလှည်းယဉ်ကျော့ စည်းကမ်းဥပဒေများနဲ့အညီ ဘက်လိုက်မှုကင်းရှင်းစွာနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးနိုင်ရေး အထူးမှာကြားလိုပါကြောင်း၊ လာရောက်အားပေးကြသည့် မိဘပြည်သူများအနေဖြင့်လည်း ပြိုင်ပွဲကြီးအောင်မြင်စွာ ပြီးမြောက်သည်အထိ စည်းကမ်းရှိရှိအားပေးကြရန်၊ အစဉ်အလာမပျက် ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ (၅၅)ကြိမ်မြောက်၊ တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန် ပွဲတော်တွင် မြန်မာ့ရိုးရာ လှည်းယဉ်ကျော့နှင့် နွားအလှပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အတိုင်း ပြိုင်ပွဲဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မြန်မာ့ယဉ်ကျေးမှုရိုးရာ အစဉ်အလာကို ထိန်းသိမ်းဖော်ထုတ်ရင်း အားလုံးစိတ်ပျော်ရွှင်မှု ရရှိစေရေး၊ မြို့နယ်ရဲ့ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်နိုင်ရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရိုးရာလှည်းယဉ်ကျော့ပြိုင်ပွဲနှင့် နွားအလှပြိုင်ပွဲကို ပြိုင်ပွဲဝင်များမှ အကြိတ်အနယ် စတင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဖွင့်ပွဲအခမ်းအနားတွင် လာရောက်ဖျော်ဖြေတင်ဆက်သည့် တပ်ကုန်းမြို့နယ်၊ ရွှေသံစဉ် ဆင်အက အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာလှည်းယာဉ်ကျော့ပြိုင်ပွဲနှင့် နွားအလှပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နေ့စဉ်ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲတွင်လှည်းယာဉ်(၂၈)စီး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေးနှင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄)၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှု အားပေးခဲ့သည်။
အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်များအတွင်း မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းများအား နိုင်လွန်ကတ္တရာခင်းကျင်းနေမှု၊ Total Station ကိရိယာဖြင့် တိုင်းတာနေမှုများ၊ လမ်းဘေး ပလက်ဖောင်းများနှင့် ကပ်တုံးများ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် လမ်းဘေးမြေယာရှုခင်းများ သန့်ရှင်းသာယာရေးလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)