လားရှိုး နိုဝင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်သန်းသား၊ သင်တန်းသူများလက်ဝယ်သို့ ကုန်ကြမ်းပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Body Scrub၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ ဆပ်ပြာခရင်၊ ပရုပ်ဆီ၊ လျှော်မွှေးဆီ၊ မှန်ကြည်ဆေး၊ Hand Spray စသည့် လူသုံးကုန် ထုတ်လုပ်နည်းများအား နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပို့ချမည်ဖြစ်သည်။
ထို့အပြင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ ဦးထဲမှ အမှန်တကယ် အလုပ်လုပ်ကိုင်လို၍ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်သည့် သင်သန်းသား သင်တန်းသူ ၃ ဦးကို လုပ်ငန်း စတင်လည်ပတ်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း လားရှိုးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှသိရသည်။
ခရိုင်(ပြန်/ဆက်)