မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တောင်ရိုးတန်းလမ်းတစ်လျှောက် စု‌ပေါင်း သန့်ရှင်း‌ရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး

မော်လမြိုင် နိုဝင်ဘာ ၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တန်ခိုးကြီးစေတီပုထိုးများစွာ တည်ထားကိုးကွယ်ထားသည့် တောင်ရိုးတန်းလမ်းတစ်လျှောက် အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရေးနှင့် အပန်းဖြေအနားယူနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အများပြည်သူများ စိမ့်အေးချမ်းမြေ့စွာဘုရားဖူး‌မြော်အပန်းဖြေနိုင်ရေး ဆောင်ရွက်ပေးကြရန်နှင့် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တောင်ရိုးတန်းလမ်းတစ်လျှောက် စု‌ပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်‌‌ဆေးခဲ့ပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်မှုရှိစေရေးနှင့် အမှိုက်များမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများတွင်လည်း ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်း အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)