စဉ့်ကိုင် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကင်းလပ်- မြောက်တောကြီး-တအုံလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ညောင်ပင်ကြီး-ထန်းသုံးပင်-ကင်းလပ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးလှခိုင်၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းလပ်- မြောက်တောကြီး- တအုံလမ်း အရှည် ၁၃၂၀ပေ၊ အကျယ် ၁၂ပေ၊ ဒု ၇ လက်မရှိ ကွန်ကရစ်လမ်းနှင့် ညောင်ပင်ကြီး- ထန်းသုံးပင်- ကင်းလပ်လမ်း အရှည် ၁၃၂၀ပေ၊ အကျယ် ၁၂ပေ၊ ဒု ၁၅လက်မ ကတ္တရာလမ်းတို့ကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ် ကျေးလမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးပါက အဆိုပါကျေးရွာများမှ ကျေးရွာသူ/သားများ၊ ကျောင်းသား/သူများ၊ ဈေးသွား၊ ဈေးလာသူများ၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝပိုမိုမြင့်မားလာမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)