မှော်ဘီမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့ များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲ

မှော်ဘီ နိုဝင်ဘာ 

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် မှော်ဘီမြို့နယ် ညောင်ကုန်းကျေးရွာတောင်သူဒေါ်အေးအေးပိုင်၏ လယ်မြေတွင် ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် စပါးစိုက်ပျိုးရေးနည်းစနစ်များကို နွေစပါးရာသီမှစ၍ဆောင်ရွက်ခဲ့ကြောင်း၊ မျိုးစေ့ချကိရိယာကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျစရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သာစေခြင်းနှင့် သီးနှံများညီညာစွာ ပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ကြောင်းနှင့် နိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ အောင်မြင်ရေးအတွက် ရေရရှိရေးသည်အဓိက အကျဆုံးအခြေခံအုတ်မြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က မှော်ဘီ ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှုအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တောင်သူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြသည်။

 ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် စပါးမျိုးစေ့ နမူနာများ၊ Drum Seederများ၊ ဓာတ်မြေဩဇာများ၊ မိုးစပါးစံကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုသစ်စိမ်းမြေဩဇာပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးနေမှုနှင့်စိုက်ပျိုးရေးသုံး ပြခန်း များကို လှည့်လည်ကြည့်ရှုအားပေးသည်။   

ယနေ့မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ဦးပိုင်အမှတ်၊၃၄/၄၊ကွင်းအမှတ်၊ ၆၆၅တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ရိတ်သိမ်းရာ(၁)ဧကလျှင် စပါးအခြောက်ထွက်နှုန်း တင်း ၁၃၀ ထွက်ရှိကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)