နမ့်စန်တွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းစည်းဝေး

နမ့်စန်(တ) နိုဝင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့တို့ရှိအခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ရန်အတွက်လုပ်ငန်းညှိနှိုင်း စည်းဝေးခြင်းဖြစ်ကြောင်းနှင့် ပွဲတော်ကျင်းပမည့်လုပ်ငန်းစီမံချက်၊ ပညာရေးဌာနှင့်သက်ဆိုင်သော ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြပွဲပြိုင်ပွဲများ ဆောင်ရွက်မည့်အစီအစဉ်၊ အားကစားပြိုင်ပွဲများ ဆောင်ရွက်မည့် အစီအစဉ်နှင့် အခြားလိုအပ်သည်တို့ကိုရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက် လာကြသူများကပြိုင်ပွဲအမျိုးအစား၊ ပြိုင်ပွဲဝင်ကျောင်းသားဦးရေ၊ ပြိုင်ပွဲကျင်းပမည့် အချိန်နှင့်နေ့ရက်၊ ပြိုင်ပွဲစည်းမျဉ်းများ၊ အမှတ်ပေး စည်းမျဉ်း စည်းကမ်းကိစ္စရပ်များနှင့်အခြားလိုအပ်သည်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နမ့်စန်မြို့ အ-ထ-က(နမ့်စန်)တွင် ဒီဇင်ဘာလ (၁)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲ၊ ပိတ်ပွဲအစီအစဉ်များ၊ ကျောင်းပေါင်းစုံ ထက်/လယ်/မူ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများနှင့် ကာယဉာဏ လှုပ်ရှားမှု ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ နှင့်စာအုပ်အရောင်းပွဲတော်များ ပါဝင်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။                            

သူရအောင်(နမ့်စန်)