သာကေတ နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် နံနက် ၁၁နာရီက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးဌေးအောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က "မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ကိုအခြေပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အလှူရှင်များမှ စုပေါင်းအလှူငွေ ၈၅ သိန်းကျပ်နှင့် တန်ဖိုးငွေ ၁,၄၈ဝ,ဝဝဝကျပ်ရှိ မျက်မှန် ၁ဝဝ လက်အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်တာဝန်ရှိသူများမှ လက်ခံရယူကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
အခမ်းအနားဒုတိယပိုင်းတွင် Tzu Chi Charity Foundation ဥက္ကဋ္ဌ ဦးကျော်ခင်မှ ဗိုလ်တထောင်မြို့နယ်နှင့် သာကေတမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများသို့ ဆန်အိတ် ၁ဝဝ၊ ဆီ (၅၀) ကျပ်သားပါ ဘူး (၁၀၀) (တန်ဖိုးငွေကျပ် ၉၄ သိန်း)အား ပေးအပ်လှူဒါန်းရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးညွန့်ဝေမှလက်ခံရယူခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ အဆောက်အဦဆောက်လုပ်ရန် ငွေကျပ်သိန်း (၁ဝဝဝ)ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးထွေးမိုးတို့မှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးပေး နေခြင်းအားလှည့်လည်ကြည့်ရှု့အားပေးသည်။ မျက်စိစမ်းသပ်ကုသမှုတွင်မျက်စိရောဂါဝေဒနာရှင် (၂၆၈) ဦးအား စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး မျက်စိဝေဒနာရှင်များအား မျက်မှန် (၂၂၆) လက် အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(သာကေတ)