တိုင်းရင်းဆေးကုဌာနမှ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာရေးအသိပညာပေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်ပေး

ကျောက်ဆည်    နိုဝင်ဘာ  ၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီးဘက်စုံထူးချွန်သူများဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးထွန်းအောင်ရွှေက လူသားတိုင်းအတွက်ကျန်းမာခြင်းသည်အဓိကဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရေးအသိပညာဗဟုသုတများပြည့်စုံပြီး နိုင်ငံတော်အတွက်အားကိုးအားထားရသည့် သားကောင်း/သမီးကောင်းရတနာများပေါ်ထွန်းလာစေရန် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို အစဉ်အမြဲလုပ်ဆောင်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်ဆေးမှူး ဒေါ်ဆွေဆွေမြင့်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့်ကာကွယ်ခြင်းနည်းလမ်းများနှင့် နေ့စဉ် ဆောင်ရွက်ရမည့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးစသည့် ကျန်းမာရေး အသိပညာများ ဟောပြောသည်။

အဆိုပါကျောင်းတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား(၂၈)ဦး၊ ကျောင်းသူ(၄၃)ဦး စုစုပေါင်း(၇၁)ဦးအား မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ တိုင်းရင်ဆေးမှူးနှင့် ဝန်ထမ်းများမှ တိုင်းရင်းဆေးဖြင့် အခမဲ့စစ်ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)