ဒဂုံမြောက်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ဒဂုံမြောက် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ အသိပညာပေး ဆွေးနွေးပွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဒေါ်ဇာဇာဝင်းက အဆိုးဝါးဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်က အလုပ်ရှင်အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေသည့်အခြေအနေ လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်စွာမြင့်က လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြသည်။

ဆက်လက်၍ ဒဂုံမြို့သစ်ခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးသောင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အသိပညာပေးဟောပြောသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ