ရွှေတိဂုံစေတီတော်မြတ်ကြီး၌ လုပ်ငန်းခွင်မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

ဗဟန်း နိုဝင်ဘာ  ၁      

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံးဝန်ထမ်းများလုပ်ငန်းခွင် မွမ်းမံသင်တန်းအမှတ်စဥ် (၂/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါစေတီတော်ရှိ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဂေါပကရုံးဝန်ထမ်းများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် အလှည့်ကျသဘာပတိ ဦးဦးထိန်ဝင်းက လုပ်ငန်းခွင့်မွမ်းမံသင်တန်းဆင်းပွဲနှင့်ပတ်သက်၍ သင်တန်ဆင်းအမှာစကားပြောကြားသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းတွင် ဆုရရှိကြသူများအား ဂုဏ်ပြုချီမြှင့်များပေးအပ်ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ရုံးလုပ်ငန်း၊ ရုံးစာရေးသားနည်း၊ စာရင်းကိုင်ပညာတို့အား သင်ကြားပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)