ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀) ရပ်ကွက်၊ ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်သို့ ဗီယက်နမ်-မြန်မာ သာသနာပြုလုပ်ငန်းစဉ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော် အမြင့် ၁၉ ပေ၊ အလေးချိန် ၈ တန်ရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများ ထည့်သွင်းထားသည့် ပေ ၄၀ ကုန်သေတ္တာတစ်လုံးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ထုတ်ယူပင့်ဆောင်ခဲ့ရာ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်မှ ဆရာတော် သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်ကြီးအား ဖူးမြော်ခဲ့ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်အား လက်ယာရစ်ပူဇော် လှည့်လည်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ နိကာယ်ကျောင်းတိုက်မှတစ်ဆင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၀)ရပ်ကွက်၊ ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ (ဗီယက်နမ်) ကျောင်းတိုက်သို့ ပင့်ဆောင်ရောက်ရှိခဲ့ပြီး ထိုင်တော်မူ ကြေးသွန်းရုပ်ပွား တော်မြတ်ကြီးအား မဟာ ပုညဝိဟာရ (ဗီယက်နမ်)ကျောင်းတိုက်တွင် ပညာရှင်များဖြင့် တပ်ဆင်ပူဇော်ထားရှိမည်ဖြစ်ကြောင်းနှင့် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်ကြောင်း သိရှိရသည်။
ထိုင်တော်မူကြေးသွန်းဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ရာသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Ly Quoc Tuan နှင့်ဇနီး၊ စစ်သံမှူး Mr. Dao Van Duy နှင့်သံရုံးဝန်ထမ်းများ၊ ပွင့်လင်းဆရာတော် ဘဒ္ဒန္တ ပညိန္ဒ၊ ပိဋကတ်သုံးပုံ နိကာယ်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ရွှေရတု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ (မော်ကျွန်း ဆရာတော်)၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဝံသ၊ ဗီယက်နမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလပါ မြို့နယ်အတွင်းရှိ ဆရာတော်/ သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ အဖွဲ့ဝင် ဗိုလ်မှူး မြတ်သူရွှေ၊ အဖွဲ့ဝင် ဦးကျော်မိုးကြည်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ခိုင်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရောက် ဗီယက်နမ် နိုင်ငံသားများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၅၀၀ ဦးခန့်တို့က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကွမ်အပ်သားမင်းသားလမ်းတစ်လျှောက်တွင် ကြိုဆိုဖူးမြော်ခဲ့ကြပြီး ဘုရားပင့်ဆောင်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)