ရန်ကုန် နိုဝင်ဘာ ၁
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ရာအားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်(၉)ဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ကျင်းပရခြင်းဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်စပ်လျဉ်း၍ အားကစား သမားတစ်ဦးချင်းအပေါ် သုံးသပ်ဆွေးနွေးပေးသွားစေလိုကြောင်း၊ မျှော်မှန်းဆုတံဆိပ်ရရှိနိုင်မှု အခြေအနေများနှင့် ဆုတံဆိပ်မျှော်မှန်းထားသည့် အားကစားသမားများ၏ အမည်စာရင်းနှင့် အားကစားနည်းများကို အနီးစပ်ဆုံးထပ်မံ ဆွေးနွေးပေးစေလိုကြောင်း၊ ဆုတံဆိပ်မရရှိနိုင်သော အားကစားသမားများကို စိစစ်၍ အင်အားလျှော့ချပြီး ဆုတံဆိပ်ရရှိနိုင်သော အားကစားသမားများကို စေလွှတ်သွားစေလိုကြောင်း၊ ဆုတံဆိပ်မျှော်မှန်း အားကစားသမားများ၏ စံချိန်ရရှိမှုများကို နိုဝင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ပြုစုတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံ နည်းပြများက (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ဆုတံဆိပ်များရရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ အားကစားအဖွဲ့များမှ ပြိုင်ပွဲတွင် ဆုတံဆိပ်မျှော်မှန်းသည့် Event များအား ရှင်းလင်းတင်ပြ ဆွေးနွေးခြင်းနှင့် ဆုတံဆိပ်ရရှိနိုင်မည့် အားကစားသမားများ၏ အမည်စာရင်းများအား တင်ပြဆွေးနွေးခဲ့ရာ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) မှ ညွှန်ကြားရေးမှူးက အုပ်ချုပ်/ထောက်ပံ့မှု၊ နေထိုင်စားသောက်မှုများ၊ လေ့ကျင့်မှုကိစ္စရပ်များနှင့် ပတ်သက်ပြီးဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် လိုအပ်သည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများထံ ဆက်လက်တင်ပြ၍ ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)