မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

ဗဟန်း နိုဝင်ဘာလ ၁

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Inya Lake Hotel တွင်ပြုလုပ်ခဲ့ရာမြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် အသင်းအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း စေတနာ လုပ်အားရှင်များနှင့် ဝန်ထမ်းများသည် လူသားချင်းစာနာစိတ်ဖြင့် ရပ်ရွာလူထုကို ကူညီဆောင်ရွက်ပေးခဲ့ကြပါကြောင်း၊ ပိုမိုထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိသောအဖွဲ့အစည်း ဖြစ်လာစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ် လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုတို့သည် အရေးကြီးပါကြောင်း၊ ၂၀၃၀ ခုနှစ်အတွက် ရည်မှန်းချက်မှာ ယုံကြည်အားထားရသော၊ တာဝန်ယူမှုရှိသော၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် အသင်းခွဲများဖွံ့ဖြိုးတိုးတက်ပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက် နိုင်သော၊ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းရှိသော၊ ရပ်ရွာလူထုကို ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားစေရန်တည်ဆောက်ပေးသော အဖွဲ့အစည်းဖြစ်လာစေရန် ရည်မှန်းထားပါကြောင်း၊ တက်ရောက်လာသူများ၏ အကြံဉာဏ်များ၊ အတွေ့အကြုံများနှင့် စိတ်ကူးစိတ်သန်းများသည် ရပ်ရွာလူထု၏ လိုအပ်ချက်နှင့် ကြက်ခြေနီလှုပ်ရှားမှု၏ တန်ဖိုးများကို အမှန်တကယ်ထင်ဟပ်စေမည့် မဟာဗျူဟာကို ရေးဆွဲရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲ ဆွေးနွေးချက် ဆုံးဖြတ်ချက်များသည် နောင်ငါးနှစ်နှင့် ထို့ထက်ကျော်လွန်၍ အဖွဲ့အစည်းကို လမ်းညွှန်ပေးမည် ဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်း ပါဝင်ဆွေးနွေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဌဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူး၊ လက်ထောက်အထွေထွေ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)