၂ဝ၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော်က “မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ကို အခြေပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူများအား မျက်စိစမ်းသပ်စစ်ဆေးခြင်းကို ဆောင်ရွက်ပေးကြရာ ကျန်မာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သူများကို မျက်မှန်များ တပ်ဆင်ပေးခဲ့ကြသည်။

အဆိုပါ မျက်စိစမ်းသပ်စစ်ဆေးခြင်းကို ရန်ကုန်အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီး၊ သန်လျင်ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတို့မှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများက ဆောင်ရွက်ပေးခဲ့ကြပြီး ဒေသခံပြည်သူ(၅၀၀)ဦးကို စမ်းသပ်စစ်ဆေးပြီး မျက်မှန်များ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)