နေပြည်တော် နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်များအတွင်း မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သောလမ်းများ၊ လမ်းဘေးပလက်ဖောင်းများ၊ လမ်းလယ်ကျွန်းများပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ လမ်းလယ်ကျွန်း တစ်လျှောက် စိမ်းလန်းစိုပြေရေး ရာသီအလိုက် ပန်းအလှပင်များနှင့် အရိပ်ရအပင်များ ထပ်မံစိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် စိုက်ပျိုးကြရန်၊ လမ်းဥပဓိရုပ် ကောင်းမွန်စေရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် လယ်ဝေးမြို့နယ်များအတွင်း မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းများအား နိုင်လွန်ကတ္တရာခင်းကျင်းနေမှု၊ Total station ကိရိယာဖြင့် တိုင်းတာနေမှုများ၊ လမ်းဘေးပလက်ဖောင်းများနှင့် ကပ်တုံးများ ပြန်လည်ပြုပြင်နေမှု အခြေအနေများနှင့် လမ်းဘေးမြေယာရှုခင်းများသန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများ ကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေး ပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်