ရန်ကုန် အောက်တိုဘာ ၃၁
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး၏ပူးပေါင်းမှုဖြင့်မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကြီးမှူးကျင်းပသည့် ဒီပါဝလီမဟာလက်ချ်မီးမယ်တော်ပူဇော်ပွဲနှင့် ဆီမီးထွန်းပွဲတော်အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးH.E. Mr. Abhay Thakur ၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)၊ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့်တာဝန်ရှိသူတို့က ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ဘောက်ထော်ဘူတာရုံလမ်း အမှတ်၂၉/၃၁ရှိမဟာလက်ချ်မီးမယ်တော်ဘုရားကျောင်းဝင်းအတွင်းရှိဗောဓိညောင်ပင်တွင်စံပယ်လျက်ရှိသောဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်အားပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ မြဝတီမီဒီယာစင်တာ၌ ဆီမီးထွန်းပွဲတော်အခမ်းအနားကိုကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးယာယီတာဝန်ခံ၊ မြန်မာ -အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur နှင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက၊ ပညာရေးကော်မတီဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)တို့က ဒီပါဝလီမဟာလက်ချ်မီးမယ်တော်ပူဇော်ပွဲနှင့် ဆီမီးထွန်းပွဲတော်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များနှင့်အတူ မင်္ဂလာဆီမီးတိုင်ကို ထွန်းညှိပေးကြသည်။
ယင်းနောက်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးက H.E, Mr. Abhay Thakun မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းနာယက၊ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မြင့်တို့က အမှာစကားပြောကြားကြပြီး ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ Mr. Naresh Kumarက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ အိန္ဒိယသံရုံးက မြန်မာ-ဟိန္ဒူရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့်တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)အဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်တာဝန်ရှိသူများ၊ မြန်မာပြည်ဖွားဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)