ပြင်ဦးလွင် နိုဝင်ဘာ ၁
စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းမြေအသုံးချရေးဌာနခွဲမှ ကြီးမှူးကျင်းပသော တီကျစ်မြေဩဇာ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်းသင်တန်းကို ယမန့်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင် ကော်ဖီဥယျာဉ်(ပွေးတောင်) ခြံရှိ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်သင်းသင်းချိုမှ သဘာဝမြေဩဇာပြုလုပ်သုံးစွဲခြင်း နည်းပညာပေးသင်တန်းပို့ချခြင်း၊ ပြင်ဦးလွင် ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါက်တာ စိမ်းစိမ်းမူမှ တီကျစ်မြေဆွေး ထုတ်လုပ်ခြင်း နည်းပညာသင်တန်းပို့ချခြင်း၊ ပြင်ဦးလွင်မြို့နယ် အမျိုးသားကန်တော်ကြီးဥယျာဉ်မှ မန်နေဂျာ ဦးဇော်မင်းထွန်းမှ တီကျစ်မြေဆွေးထုတ်လုပ်ခြင်း အတွေ့အကြုံများအား ဆွေးနွေးပို့ချခြင်း ၊ ပြင်ဦးလွင်မြို့နယ် သဘာဝမြေဩဇာထုတ်လုပ်သူများကိုယ်စား Dr. Nature သဘာဝမြေဩဇာ ကုမ္ပဏီမှမန်နေဂျင်း ဒါရိုက်တာ
ဒေါ်အေးသီတာခန့်တို့မှ အတွေ့အကြုံများအား ပို့ချခဲ့ရာ သင်တန်းသားများမှ သင်တန်းပို့ချချက်များကို အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တီကျစ်မြေဩဇာ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်း သင်တန်းကို သင်တန်းနည်းပြများမှ နံနက် ၉ နာရီခွဲအချိန်မှ နေ့လယ် (၁၂:၀၀) နာရီအချိန်အထိ သင်တန်းပို့ချခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူ(၈၃) ဦးတို့အား တီကျစ်မြေဩဇာတစ်ပိုင်တစ်နိုင် ထုတ်လုပ်ခြင်းကို လက်တွေ့ သရုပ်ပြသခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)