တပ်ကုန်းမြို့နယ်၌ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

တပ်ကုန်း အောက်တိုဘာ ၂၇

နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အင်ဖက်ကုန်းကျေးရွာ၊ အင်ဖက်ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသားများ၏ ဧရာမင်းစပါးမျိုးစိုက်ပျိုးထားသော အသင်းသား ဦးမြလင်း၏ မိုးစပါးစိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုကွင်းဆင်းစစ်ဆေးရာ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ယခုနှစ် မိုးစပါးစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်ချက် အထွက်နှုန်းပြည့်မီစေရေးအတွက် ဦးစီးဌာနမှ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရေး၊ စပါးအထွက်နှုန်း ပိုမိုကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် သီးနှံဖျက်ပိုးကျရောက်မှုမရှိစေရေးအတွက်လည်း ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးနှင့် မြေဩဇာသွင်းအားစုများအား နည်းစနစ်မှန်ကန်စွာ အသုံးပြုစေလိုကြောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနက စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ကြီးကြပ်ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်