စစ်တွေ အောက်တိုဘာ ၃၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမား များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့နယ်၊ ပြည်တော်သာ စိုက်ကွင်းတွင် စိုက်ပျိုးထားသော စပါးများအတွက် ကိုယ်စားပြုစံကွက် ရိတ်သိမ်းခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါး ၈၅၃၈ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၈၅၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးပြီး မိုးစပါး အထွက်နှုန်းကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ရန်အတွက် စံကွက်ရိတ်သိမ်းခြင်းကို သက်ဆိုင်ရာဌာနများမှ ကိုယ်စားပြု ဧကများအလိုက် စံကွက်များ ရိတ်သိမ်းပြီး မြို့နယ်၏ အထွက်နှုန်းကို မှတ်တမ်း တင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများ မိုးစပါးရိတ် သိမ်းရာတွင် အလေအလွင့်နည်းစေရန် သီးထပ်အချိန်မီ စိုက်ပျိုးနိုင်ရန် ရိတ်သိမ်းခြွေ လှေ့စက်များနှင့် ရိတ်သိမ်းနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိုးစပါးစံကွက်ရိတ်သိမ်းပြီးပါက ဆောင်းသီးထပ် သီးနှံ စိုက်ပျိုးရေး၊ နွေစပါးသီးထပ် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သီးနှံများထုတ်လုပ်မှု တိုးတက်ရေးအတွက် သီးနှံစိုက် ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးတို့ကို တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ တောင်သူများ သီးထပ်စိုက်ပျိုးရေးအတွက် မျိုးစေ့နှင့် စိုက်နည်းစနစ် လိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် လည်းကောင်း၊ ထွန်ယက်ရေးကို စက်မှုလယ်ယာဦးစီးဌာနနှင့် လည်းကောင်း၊ ရေရရှိရေးကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ရေး ဦးစီးဌာနနှင့် လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ဆောင်းသီးထပ် စိုက်ပျိုးနိုင်ရေးအတွက် နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ချီးမြှင့်ပေးအပ်သွားမည့်ဖြစ်သည့်အတွက် တောင်သူများအနေဖြင့်ရရှိသည့် မျိုးစေ့များကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုတိုးတက်လာပြီး ပြည်နယ်တွင်း စားသုံးမှုဖူလုံလာ မည်ဖြစ်ပြီး ပိုလျှံမှုများကို ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာမည်ဖြစ်သည့်အတွက် တောင်သူများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိရေး အတွက် မိုးစပါးတစ်သီးတည်း စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ကျေနပ်မနေဘဲ ဝင်ငွေသေချာသည့် ဒုတိယသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးဆောင်ရွက်ခြင်းဖြင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုး ရရှိမည်ဖြစ်သည့်အတွက် သီးထပ်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူ များအား နေကြားနှင့်မတ်ပဲ မျိုးစေ့များအားလည်းကောင်း၊ ပြည်နယ်တရားလွှတ် တော်တရား သူကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဟင်းသီးဟင်းရွက် မျိုးစေ့ များအားလည်းကောင်း ပေးအပ်ကြသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်း ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးတို့က ပြည်တော်သာစိုက်ကွင်းတွင် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် စံကွက်ရိတ်သိမ်း ရခြင်း ရည်ရွယ်ချက်များ၊ စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်ပြက္ခဒိန်၊ မိုးစပါး ရိတ်သိမ်းခြင်းလုပ်ငန်းအား မိတ်ဖက်တွက်နည်းဖြင့် အထွက်နှုန်းရှာဖွေခြင်း တို့ကိုရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးစံကွက်ရိတ်သိမ်းနေမှု၊ (Round Baler) ကောက်ရိုးထုံးစက်ဖြင့် ကောက်ရိုးထုံးခြင်းနှင့် (Rotary Mulcher) ရိုးပြတ်ဖြတ်ခြင်း ဆောင်ရွက်နေ မှုတို့ကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း များက မိုးစပါးအထွက်နှုန်းကို တိုင်းတာထွက်ချက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေခုတင် ၅၀၀ ဆံ့အထွေထွေ ရောဂါကုဆေး ရုံကြီး၌ ကျင်းပသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ကို အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများသွေးလှူဒါန်းနေမှုကို လှည့်လည် ကြည့်ရှုအား ပေးကြပြီး သွေးလှူဒါန်းကြသော ဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ ပေးအပ်ချီးမြှင့်သည့် အာဟာရဖြည့်စွက်စာ များကို ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ကြသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်းများက သွေးအမျိုးအစားအလိုက်စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)