မိုးညှင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

မိုးညှင်း  အောက်တိုဘာ ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာဈေးနှင့် ရပ်ကွက်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဈေးအတွင်းရှိ မီးသုံးစွဲသည့်နေရာ များအား လိုက်လံစစ်ဆေးခြင်းနှင့် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ ရေကန်၊ မီးချိတ်၊ မီးကပ်များ ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဈေးအတွင်းရှိရေရရှိနိုင်သော နေရာများနှင့် ရေငုတ်များကောင်းမွန်မှု ရှိမရှိ အခြေအနေများကိုလည်းကောင်း၊ လွယ်ကူသက်သာသည့် အပေါ့စားမီးသတ်စက် ကောင်းမွန်မှု ရှိမရှိနှင့် အသင့်ထားရှိမှု အခြေအနေများတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များကို ဈေးသူဈေးသားများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့တူ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး‌ဟောပြောခြင်းနှင့် ဆောင်ရန် ရှောင်ရန် အချက်များကို အသိပညာပေးပြီး မီးလောင်မှု၊ မီးလန့်မှုများ ဖြစ်ပွားလာပါက အရေးပေါ်သက်ဆိုင်ရာ မီးသတ် ဦးစီးဌာန၏ နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် ရပ်ကွက် ကျေးရွာများတွင်လည်း အသိပညာပေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးနေ လျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း