ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်

ကျောက်ဆည်   အောက်တိုဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းသဖြင့် ကွမ်းစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်လျှက်ရှိကြောင်း ကျားကာ ကျေးရွာမှ ကွမ်စိုက်တောင်သူ များထံမှသိရှိရသည်။

ကွမ်းစိုက်ပျိုးမည်ဆိုပါက ကုန်ကျစရိတ်များသော်လည်း ကာလရှည်ခူးဆွတ်ရောင်းချရသည့် နှစ်ရှည် သီးနှံဖြစ်သောကြောင့် အောင်မြင်ဖြစ်ထွန်းပါက အကျိုးအမြတ်များကြောင်းနှင့် “ယခင်နှစ်က ယခုလိုရာသီ၌ ကွမ်းရွက်တစ်ပိဿာငွေ(၆၀၀၀/၇၀၀၀)ကျပ်ခန့် ရောင်းချရသည့်အတွက် ကွမ်းစိုက် တောင် သူများအနေဖြင့် အဆင်ပြေကြောင်းနှင့် ယခုနှစ်တွင် ကွမ်းရွက်ဈေးမ ကောင်းသည့်အတွက် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း၊ ကွမ်းရွက်ပင်စိုက်ပျိုးသည်နှင့်တစ်ပြိုင်နက်တည်း နေ့စဉ်ဂရုပြုစောင့်ကြည့်ရပြီး ကွမ်းညွှန်ချည်ခြင်း၊ ရေသွင်း ခြင်း၊ မြေအသစ်ထည့်ခြင်း၊ ပိုးကျရောက် မှုမရှိစေရေးကြည့်ရှုခြင်း စသည့်တို့ကိုဆောင်ရွက်ရပြီး ပိုးကျရောက်ပြီး ဂရုစိုက်မှုနည်းပါးပါက ကွမ်းခြံ ပျက်စီးသည်အထိ အရှုံးရှိကြောင်း  ကွမ်းစိုက်တောင်သူ ဦးမြင့်သောင်းက ပြောပြ၍ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ ဖျောက်ဆိပ်ပင်၊ သရက်ပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက် ငယ်တိုး၊ ကွမ်းခြေ၊ မုံပေါင်း ကျေးရွာများတွင် ကွမ်းရွက်ပင်(ကွမ်းခြံ)များ စိုက်ပျိုးကြကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)