ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

ကျောက်ဆည်  အောက်တိုဘာ  ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သင်ပျိုကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။

ရုံးပတီသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့်အတွက် ကုန်ကျငွေသက်သာသော သီးနှံတစ်မျိုးဖြစ် ကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ကျော်ပါက စတင်ခူးဆွတ်နိုင်ပြီး အောင်မြင်ဖြစ် ထွန်းပါက နေ့စဉ်နီးပါး၊ (၁)ရက်ခြားခူးဆွတ်ရောင်းချရကြောင်း၊ ရုံပတီ(၁)ဧက စိုက်ပျိုးပါက စတင်ခူးဆွတ်ချိန်တွင် (၁၅)ပိဿာခန့်ခူးဆွတ်ရပြီး ရောင်းဈေးအနေနှင့်တစ်ပိသာ(၉၀၀)ကျပ် ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သင်ပျိုကျေးရွာမှ ဦးထွန်းကျော် အောင်က ပြောပြသည်။

ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ် ရေသွင်း/ရေထုတ်လွယ်ကူစေရန် မြေဘောင်များ ပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာတွင် အစေ့တိုက်ရိုက်ချစိုက်ပျိုးကြောင်း၊ အပင်ငယ်ချိန်တွင် လိုအပ်သည့်အချိန်များတွင် မြေဆွခြင်း၊ ပေါင်းမြတ်ရှင်းလင်းခြင်းများ ပြုလုပ်ပေးရပြီး ဖျက်ပိုးကြိုက်သည့် သီးနှံဖြစ်သည့်အတွက် ပိုးမွှားကာကွယ်နှိမ်နှင်းခြင်းများ အလေးထား ဆောင်ရွက်ရကြောင်း၊  ရေသွင်းသည့် အခါတိုင်း သင့်တင့်စွာမြေဩဇာကျွေးပေးခြင်း များပြုလုပ်ပေးပါက အပင်များအောင်မြင်ဖြစ်ထွန်း၍ အသီး အထွက်နှုန်းကောင်းမွန်ကာ ခူးဆွတ်ရောင်းချချိန် ရက်ပေါင်း(၉၀) အထိခူးဆွတ်ရောင်းချရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)