တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ညလွှတ်မီးကြီးနှင့်စိန်နားပန် မီးပုံးပျံပြိုင်ပွဲများ ဒုတိယနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်

တောင်ကြီး      အောက်တိုဘာ   ၃၁

၁၃၈၇ခုနှစ်၊ တောင်ကြီးမြို့ စူဠာမုနိဘုရားပွဲ၊ မဟာဘုံကထိန်နှင့် တောင်ကြီးတန်ဆောင် တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၂၇)ရက်နေ့မှ စတင်ကာ နိုဝင်ဘာ (၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

 ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း ကျင်းပ လျက်ရှိသည့် မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်ည၌ အဆိုပါပြိုင်ပွဲ ဒုတိယညအဖြစ် လွှတ်တင်ယှဉ်ပြိုင် လျက်ရှိကြောင်း သိရသည်။

ဤနေ့ညတွင် တောင်ကြီးမြို့ပေါ်ရှိရပ်ကွက်အသီးသီးမှ ပြိင်ပွဲဝင်အသင်းများ၊ တောင်ကြီးမြို့ အနီးပတ်ဝန်းကျင်ရှိမြို့၊ရွာများမှ ပြိုင်ပွဲဝင်အသင်းများက အတီးအမှုတ်အက များဖြင့် ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင် လွှတ်တင်ခဲ့ကြသည်။

ညလွှတ်ပြိုင်ပွဲတွင် စိန်နားပန်မီးပုံးပျံ အလှအဖွဲ့၊ ညမီးကြီး(ယမ်းမီး) မီးပုံးပျံအဖွဲ့များနှင့် ရပ်နီးရပ်ဝေးမှ ပွဲတော်လာ ဧည့်ပရိတ်သတ်တို့က စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရူ အားပေးခဲ့ကြကြောင်းသိရသည်။ ယမန်နေ့ညတွင် စိန်နားပန်မီးပုံးပျံ(၅)လုံး၊  ညမီးကြီး(ယမ်းမီး) မီးပုံးပျံ (၆)လုံး စုစုပေါင်း(၁၁)လုံး ယှဉ်ပြိုင်လွှတ်တင်ခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော် ပြီးဆုံးသည့်ညအထိ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)