နေပြည်တော် အောက်တိုဘာ ၃၁
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ရန်အောင်မြင်တောရ (မြို့တော်ဝန်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒထံသို့သွားရောက်ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့် အတူ ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၇၁) AAEကွင်းတွင် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေး မြေပြင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုအားပေး၍ လိုအပ်သည်များမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ (SMU) ခန်းမ၌ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစုံပန်းတိုင်အထွက် နှုန်းရရှိစေရေး၊ ဆောင်းနေကြာတိုးချဲ့စိုက်ပျိုး နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သီးနှံများအထွက်တိုးစေရေးအတွက် မြေပြင်ခြင်းလုပ်ငန်းအားစနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက် နှုန်းရရှိစေရေး နည်းစနစ် မှန်ကန်စွာဆောင်ရွက်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကောင်းမွန် အောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သီးနှံအထွက်တိုးစေရေးအတွက်သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာတို့ကို အချိုးကျစွာသုံးစွဲမှသာ ပန်းတိုင်အထွက်နှုန်း ကျော်လွန်စွာ ထွက်ရှိနိုင်မည် ဖြစ်ပါကြောင်းပြောကြား၍ တက်ရောက်လာသည့်တောင်သူများ၏ တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒက္ခိဏ (ပြန်/ဆက်)